Saturday, April 18, 2009

ရွှေမန်းဆီသို့  တစ်ခါတစ်ခေါက်တော့ရောက်စေချင်သည်



ရေးသားသူ — အောင်ခိုင်(မန်း)


ဘာလိုလိုနဲ့ သင်္ကြန်ကိုရောက်ခဲ့ပြန်ပြီနော်။ဆယ့်နှစ်ရာသီ ပွဲတော်တွေ ရှိတဲ့အထဲမှာ သင်္ကြန်ပွဲတော်ဟာ ပျော်စရာအကောင်းဆုံးနဲ့ စိတ်ကြည်နူးစရာကောင်းတဲ့နှစ်သစ်ကူးပွဲတော်တစ်ခုပါ။

သင်္ကြန်ပွဲတော်ဟာ မြန်မာတို့ရဲ့ယဉ်ကျေးမူ့အထိမ်းအမှတ်သင်္ကေတ၊မြန်မာတို့ရဲ့နှလုံးသား ပွဲတော်တစ်ခုဆိုရင်သိပ်ကိုမှန်ပါသည်။သင်္ကြန် အချိန်အခါကို မြန်မာတို့ ကအခါကြီးရက်ကြီးအဖြစ် သတ်မှတ်ကာ ပျော်ပွဲရွှင်ပွဲအဖြစ် အတာရေသဘင်ပွဲဆင်ယဉ်ကျင်ပခြင်း၊ဥပုတ်သီလဆောက်တည်ခြင်း၊ဘိုးဘွား မိဘ ဆရာသမားများအားရေကန်တော့ခြင်း။အစရှိတဲ့ကုသိုလ်ကောင်းမှူ့မျာပြုလုပ်ကြပါတယ်။အတာကူးတဲ့ သင်္ကြန်ကာလအတွင်းမှာ ဥပုသ်ဇရပ်များကလည်း
စည်ကားလို့နေပါတယ်။သီတင်းသီလဆောက်တည်သူများလည်း ပေါသလို
လည်သူ ပတ်သူ များလည်း ပေါများလှပါတယ်။

ကျွှန်တော်တို့ မန္တလေးမှာ သင်္ကြန်မကျမီ သင်္ကြန်မိုးလေးများရွာသွန်ဖြိုးခဲ့ ရင် သင်္ကြန်မိုးကြောင့် ပိတောက်တွေ ပွင့်တော့မှာမို့ ပျော်မိပါတယ်။မန္တလေးမြို့ သည် ပိတောက်ချစ်သောမြို့ ဟု ဆိုရလေလားမသိ။လမ်းတိုင်း၊ရပ်ကွက်တိုင်းတွင်ပိတောက်ပင်ဆိုတာ သေးတာနဲ့ ကြီးတာပဲကွာပါလိမ့် မယ်၊အဲဒီလိုနေ့ မျိုးဆိုရင် မန္တလေးတမြို့ လုံးတမြို့လုံးပိတောက်ပန်းတွေ ဝေနေတာဘဲ ။ကျွှန်တော်တို့ဆီမှာ သင်္ကြန်မရောက်ခင် ၂လလောက်အလိုကတည်းက ကျောင်းတိုင်းမှာလက်ရွေးစင် ကျောင်းသူလေးများစုစည်း၍ အကတိုက်နေကြပြီ၊လူငယ်များကလည်း သင်္ကြန်ပွဲ အပြတ်နွဲဖို့ အချိတ်အဆက်တွေလုပ်နေကြပြီ၊စီးပွားရေးသမားများ၊မြို့ မိမြို့ ဖ များကတော့ အစဉ်လာမပျက်ရအောင် မဏ္ဍပ်နေရာကောင်းရရှိရေးအတွက် စည်ပင်ရုံးမှာ ကြိုးစားနေတဲ့  အချိန်ပေါ့ ခင်ဗျာ။သင်္ကြန်တွင်းမှာ ရွှေမန်းသူ ရွှေမန်းသားတွေ အပြတ်ကဲနိုင်အောင် သင်္ကြန်အကြို ကြိုပြီးဓါတ်ဆီပေးနိုင်ဖို့ ကားတန်းအရှည်ကြီး ကြားမှာ မရပ်မနား ဖော်ရွေစွာ ဆီထည့်ပေးနေတဲ့ ၃၅လမ်းပေါ်က M.P.P.E ဓါတ်ဆီပေးတဲ့ဆိုင်က ပန့်မန်းကြီးတွေကိုသတိရနေမိပါတယ်။
သင်္ကြန်မကျမှီ တစ်ပတ်လောက်အလိုကစပြီး ကားတွေ၊ရထားတွေနဲ့ အနယ်နယ်အရပ်ရပ်ကနေ ရောက်လာကြပြီး မန္တလေးမှာသင်္ကြန်ကျ ကြပါတယ်။ရထားတွေဆို တွဲလုံးပြည့် ပါပဲ။ရထားသံလမ်းရှေ့ မှာနေတာဆိုတော့သိတာပေါ့ ခင်ဗျာ။
သင်္ကြန်လည်မည့့်ရေပက်ခံကားများဟာလည်း အကြိုနေ့မတိုင်ခင် မဟာမြတ်မုနိဘုရားကြီး၊မန္တလေးတောင်ခြေဘိုးဘိုးအောင်နတ်နန်း တို့ဆီကိုလာပြီး ဦးတိုက်ကြပါတယ်။သင်္ကြန်ပွဲတော်ကို မြန်မာတနိုင်ငံလုံးတောရော မြို့ ပါမကျန် တချိန်တည်း တပြိုင်တည်းကျင်းပကြပါတယ်။ကျွှန်တော်တို့ ဆီမှာတော့ အကြိုနေ့ညနေ ၄နာရီ ၀န်းကျင်လောက် မှာနန်းမြို့သူရေကစားမဏ္ဍပ်ကအရင်ဦးဆုံးစဖွင့် ပါတယ်။အဲဒီနောက်မှာတော့ မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ခမ်းနားသိုက်မြိုက်စွာဖွင့် ပါတယ်။မဏ္ဍပ်ရှေ့မှာတော့ မိုးပျံပူဖောင်းများကိုင်ဆောင်လို့ ကပြမဲ့ကျောင်းသူလေး များကနေရာယူထားကြပါတယ်။ မြို့တော်ဝန်က သင်္ကြန်ပွဲတော် ဖွင့်ပွဲနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပါတယ်။
ဖဲကြိုးဖြတ်ဖွင့်တာနဲ့တစ်ပြိုက်နက် ကျောင်းသူလေးများကလည်း မိုးပျံပူဖောင်းများကို လွှတ်တင်လိုက်တဲအခါ
ကောင်းကင်တစ်ခုလုံး ရောင်စုံခြယ်စေခဲ့ပါတယ်။နှစ်စဉ်နှစ်တိုင်းဖွင့်ပွဲအဖြစ် မန်းတောင်ရိပ်ခို သီချင်းနဲ့ ကပြကြပါတယ်။အဲဒီနောက်မှာတော့ မြို့ ရဲ့ အသည်းနှလုံး မြို့မငွေငန်းဖြူ အလှပြယာဉ်က ဦးဆောင်လို့ အကမယ်များခြံရံကာ မြို့တော်ဝန်မဏ္ဍပ်ရှေ့ကို တအိအိချိတက်လာပါပြီ။အဲဒီနောက်မှာတော့မန္တလေးတိုင်းခရိုင်အလိုက် အလှပြယာဉ်များက
စီတန်းလို့ ကပြဖျော်ဖြေ ဂါရ၀ပြု ၀င်ရောက်လာကြပါတယ်။

သင်္ကြန်နေ့တွေဆိုရင် အစောကြီးနိုးနေမိပါတယ်။တက်ကြွလန်းဆန်းစွာနဲ့ ဆွမ်းကြီးခံထွက်ဖို့ ရပ်ကွက်ဓမ္မာရုံမှာကုသိုလ်ယူလုပ်အားပေးပါတယ်။ပြီးမှအိမ်ပြန်အ၀တ်အစားလဲကာ ဓမ္မာရုံရှေ့မှာ လူစုပြီး ဆိုင်ကယ်၎၊၅စီး နဲ့ ကျုံး ဆီသို့ ရေပက်ခံထွက်ကြပါတယ်။ကျွှန်တော်တို့ ကတော့ ဆိုင်ကယ်နဲ့ ပဲလည်တယ်။မန်းသင်္ကြန်ဆိုတာက လည်းကြိတ်ကြိတ်တိုးအရမ်းစည်တာဆိုတော့ ကားနဲ့ ဆိုရင်ကျုံးတစ်ဖက်တည်းနဲ့ မနက်ပိုင်းတခုလုံး အချိန်ကုန်သွားနိုင်ပါတယ်။မဏ္ဍပ်များဟာ နံနက်၇နာရီလောက်က စတင်လို့ အသက်ဝင်လာကြပါတယ်။တဖြည်းဖြည်း နဲ့တေးသံတွေကြားမှာ မြူးကြွလို့ ကခုန်နေကြပါတယ်။၁၀နာရီလောက်ဆိုရင်တော့မန်းသင်္ကြန် ရုပ်လုံးပေါ်လာပါပြီ။ကျုံးဘေးတစ်လျှောက်လဲ ကားများ၊ ဆိုင်ကယ်များ ပြည့်ကျပ်လာပါတယ်။

ကျုံးဘေးမှာ ဆိုင်ကယ်အပ်ပြီး ခြေလျင်ဝင်က ကြသူများကလည်း အများကြီးပါပဲ
ကျုံးဘေးကတော့ တိုးမပေါက်အောင် ဖြစ်လာပါတယ်။ကသူ ခုန်သူ သောက်သူ ပေါက်သူ မြောက်သူ များလာတာတဲ့အတူ အပျော်လွန်ပြီးညီအကိုအရင်းပမာခင်မင်သွားကြတာရှိသလိုရန်များလည်းဖြစ်တတ်ပါတယ်။
မန္တလာသူ ပျိုကညာများကလည်း ၀တ်စားဆင်ယင်မှု အတော်ကိုOK မှာစိုပြေနေကြပါတယ်။ညီလေးပြောသော စကားတစ်ခွန်း သတိရမိပါတယ်။""အစ်ကို.... မန္တလေး ရောက်တာနဲ့  လန်းသွားမယ်""
'''အွန်...ဟွန်း......တယ်ဆိုတဲ့ စာပါလား'''ဟုစဉ်းစားမိသည်။ကျွန်တော်တို့ရှိစဉ်ကတည်း OK နေတာ၊အခု များဆိုပြောမဆုံးပေါင် တောသုံးထောင် ထင်ပါရဲ့ ။ဝါသနာပါသူတွေအတွက်တော့ ကြည့်စရာ ရှုစရာမကုန်နိုင်ဘူးပေါ့ ဗျာ။အရှိန်ကလည်းရလာပြီဆိုတော့ ပျော်ကြသူတွေ ကဲကြသူတွေ့  ပိုများလာပါတယ်။နေ့ လယ်ထမင်းစားနားချိန်ဆိုရင်တော့ တောင်သမန်အင်း(ဦးပိန်တံတား)၊ကန်တော်ကြီး၊ကုသိုလ်တော်ဘုရား၊တောင်ခြေရှိဘုရား များဆီထမင်းစားနားကြပါတယ်။

ကျွန်တော်တို့ ကတော့  ကျုံးဘက်မှာ လည်လို့ပြီးရင် နေ့လည်ဘက်ကို ကန်တော်ကြီး သင်္ကြန်မဏ္ဍပ်တွေ လှည့်ပြီး ဦးပိန်တံတားဘက် သွားပြီး သွားနားကြပါတယ်၊ဦးပိန်မှာ ထန်းရည်၊လတ်ဆတ်တဲ့ငါးလေးကြော်၊ပုဇွန်ကြော်၊စားသောက်ဖွယ်ရာစုံလင်လှပါတယ်။သင်္ကြန်ဆို ဦးပိန်တံတား က ရေရေလည်လည်စည်တာလေ။ တောင်သမန် အင်းက ဦးပိန် တံတား ဟာ မန္တလေးမြို.ရဲ. နိုင်ငံခြားခရီးသွားတွေအကြား အထင်ကရ နေရာ ထဲ က တခုအပါဝင်ဖြစ်ပါတယ်။
ဦးပိန်တံတား ဟာ ၁.၂ ကီလိုမိတာ ရှည်ပြီး ကမ္တာအရှည်ဆုံး ကျွန်းသစ်တံတား ဖြစ်ပါတယ်။ ဦးပိန်တံတားကို ဆောက်လုပ်တဲ့သူ ကတော့ အမရပူရမြို့ဝန်(ဘိုင်ဆပ်) ရဲ့စာရေးဦးပိန်ဖြစ်ပြီးဘုရင့်နန်းတော်အား အင်းဝမြိုမှ အမရပူရမြို့သို့ အပြောင်း နန်းတော်ဟောင်းမှ အကြွင်းအကျန် ကျွန်းသစ်များနဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ (၁၈)ရာစု ခန့်ကဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။စာရေးမောင်ပိန်ဟာ ကုလားနွယ်ဝင်ဖြစ်ပြီးမိန်းမကိစ္စမှာ နာမည်ဆိုးနဲ့ကျော်ကြားတယ်လို့  ဒေသခံများပြေပြချက်အရ မှတ်သားဖူးပါတယ်။
လှပသော သဘာဝပါတ်ဝန်းကျင် ရှုခင်းများနဲ့အတူ ကျွန်းသစ်တိုင်လုံးပေါင်း ၁၀၆၀ ထူးခြားဖွယ်ဆောက်လုပ်ထားခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကြား မှာထင်ရှားတဲ့နေရာ တစ်ခုဖြစ်ပါတယ်။၃နာရီလောက်အချိန်မှာတော့ ကျုံးဘက်ကိုအသွား ကန်တော်ကြီးမှာ ရေချိုးနေကြသူတွေရေပက်နေကြသူတွေ ရောအများကြီးပါပဲ ....ညနေပိုင်းမှာတော့ သင်္ကြန်ပွဲတော်ဟာ အားလုံး ပုံမှန်လည်ပတ်နေကြပြီဖြစ်ပါတယ်။
အရှိန်ကလည်းရလာပြီဆိုတော့ ပျော်ကြသူတွေ ကဲကြသူတွေ့  ပိုများလာပါတယ်။ကျွန်တော်တို့ရှိစဉ်က မဏ္ဍပ်ကြီးများရှိတဲ့ အနောက်ဘက်၊တောင်ဘက်တို့ ဆိုရင် မျက်စိတဆုံး မြင်နိုင်သလောက်ကွက်လပ်မရှိ
သင်္ကြန်ပွဲ ကဲနေကြသူတွေကို တွေ့နိုင်ပါတယ်။

အချိန်တန်မိုးချုပ်လို့ ခြေကုန်လက်ပန်းကျ အိမ်ပြန်အလာ မြို့တွင်းလှည့် ကာသီဆိုဖျော်ဖြေနေသော မြိုမငွေငန်းမောင်နဲ့တွေ့ လေပြီ။''ချိုပြုံးရွှင်သော နှမပျိုငယ်....တစ်ကိုလုံးပင်ချော အလှပိုတယ်....မြို့မနဲ့ တစ်မိတည်း ဖွားလို့ ဆိုတော့ မယ်ကွယ်""ဒါနဲ့ကျွန်တော်တို့ အိမ်မပြန် မြို့ မနောက်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒါနဲ‘မန်းတောင်ရိပ်ခို’ သီချင်း လေးအကြောင်း သိသလောက်ပြောပြချင်ပါတယ်။သီချင်း ဟာ မြို့ မ ဆရာကြီးများရေးဖွဲ့ ထားသောကြောင့် မန်းဂုဏ်ပုဒ်၊မြို့ မ ဟန် တွေ ပါဝင်နေတာမှန်ပင်မဲ့ မန္တလေးမြို့ နဲ့ မြို့ မ တခုတည်းကိုသာ မညွှန်းဆိုပါ၊သင်္ကြန်တခုတည်းကိုလည်းမညွှန်းဆိုပါ၊
မြန်မာတို့ ရဲ့ ယဉ်ကျေးမှူ့ ဟန်ပန်အမူအရာတို့ကိုတေးသွားအလိုက် အမှားအယွင်းမရှိ ဖွဲ့ဆိုထားတာကြောင့် သင်္ကြန် အချိန်အခါမှမဟုတ် ပျော်စရာ ရွှင်စရာ ပွဲများ၊အထူးသဖြင့်နိုင်ငံခြားရောက်မြန်မာများဆိုကြသည်။သီချင်းလေးဆိုလိုက်တာနဲ့ လက်ခုပ်လေးက တီးရပြီ၊ကတတ် တတ်၊မကတတ် တတ် သွေးကြွလာကာ မြန်မာအကလေးနဲ့ ဝင်ပြီးကတတ်ကြပါတယ်။ဒါကြောင့် မြန်မာ တမျိုးသားလုံး၏လူထုသီချင်း တပုဒ်လို့ သာဆိုချင်ပါသည်။

တကယ်တော့ မန်းတောင်ရိပ်ခို သီချင်းကို ဆရာကြီးသုံးဦးက တပိုဒ်စီ ရေးခဲ့ကြတာပါ။ ဆရာကြီး အေဝမ်းဆရာညှာ ခေါ် မန္တလာညှာ၊ ဆရာကြီး မြို့မငြိမ်း၊ ဆရာကြီး ဦးဘသိန်း(မန္တလေး) တို့ သုံးဦး ဖြစ်ပါတယ်။ ဆရာကြီး အေဝမ်းဆရာညှာ က မန္တလေးမြို့ကို ချစ်တဲ့စိတ်ကြီးတာကြောင့် မြို့ခံလူထုက ချစ်စနိုးနဲ့  မန္တလာညှာ လို့ခေါ်ကြပါတယ်။ဆရာကြီး ဦးဘသိန်း(မန္တလေး) လို့အမည်တပ်ရခြင်းမှာ
ထိုခေတ်အခါက နာမည်တူ တေးရေးဆရာဦးဘသိန်း ရှိခဲ့ဖူးတာကြောင့် ထင်မှတ်မမှားနိုင်စေရန် အမည်နောက်မှာ(မန္တလေး) အမည်တပ်ရခြင်းဖြစ်ပါတယ်ဟု ဆရာကြီးကပြောပါတယ်။ဆရာကြီး ဦးဘသိန်း ယခုအချိန်အထိ မန္တလေးမြို့မှာ နေထိုင်လျက်ရှိပါတယ်။
ဆရာကြီး မြို့မငြိမ်းဟာ မနက်ဝေလီဝေလင်း စိန်ပန်းလမ်းမပေါ်မှာ ကံဆိုးစွာ ကားတိုက်ခံရပြီး ဘ၀တပါးသို့ ပြောင်းသွားရရှာပါတယ်။
မြို့ခံလူထုက သက်ဆိုင်ရာရဲစခန်းကို တရားခံ မိအောင်ရှာပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။အတန်တန် ကတိတွေပေးပင်မဲ့လည်း ယနေ့အချိန်အထိ ရှာဖွေနိုင်ခြင်းမရှိခဲ့ပါ။တရားခံ ကတော့ ယူကြုံးမရ ဖြစ်နေမှာ အမှန်ပင်။

“ချိုပြုံး ရွှင်သော နှမပျိုငယ်၊ တကိုယ်လုံးပင်ချော အလှပိုတယ် xxxx ရိုးရိုးသားသားနဲ့ ကျုပ်တို့မြို့မက ကျေနပ်တယ်” အပိုဒ်ကို ဆရာကြီး အေဝမ်းဆရာညှာ ခေါ် မန္တလာညှာက ရေးပါတယ်။

သံပြိုင်ပိုဒ်ဖြစ်တဲ့ “မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတယ် ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ် xxxx နိမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော် ဝယ်” ကို ဆရာကြီး မြို့မငြိမ်းက ရေးပါတယ်။


“ခါးသေးနွဲ့ မူယာကြွယ် လှဂုဏ်မြင့်ထယ် xxxx မောင်တို့ လာချေပေါ့ကွယ် ကညာမေကျော့ရဲ့ ငွေငန်းထွက်ခါလယ်” အပိုဒ်ကို ဆရာကြီး ဦးဘသိန်း(မန္တလေး) က ရေးပါတယ်။

မန်းတောင်ရိပ်ခိုသီချင်းကို ပထမဦးဆုံး သီဆိုသူကတော့ ကိုအံ့ကြီး ဖြစ်ပါတယ်။ ရန်ကုန်မှာ ဘီတီဘရားသား မိသားစု တီးဝိုင်းနဲ့ အသံသွင်းပါတယ်။ ဘီတီဘရားသား ဦးဘဦးလေး နဲ့ ရန်ကုန်မှာ ရွှေဂုန်မြို့မအသင်း တည်ထောင်ထားတဲ့ မန္တလေး မြို့မ ဦးလှဒင် တို့က ဆရာကြီးသုံးဦးရဲ့ ရေးပြီးသား သီချင်းတွေထဲက တပိုဒ်စီယူပြီး မန်းတောင်ရိပ်ခို သင်္ကြန်သီချင်း လို့ နာမည်ပေးပြီး ကိုအံ့ကြီးက သီဆိုပါတယ်။ကိုအံ့ကြီးက သီဆိုသော မန်းတောင်ရိပ်ခိုသီချင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် မရှိသေးပါ။မန္တလေးမြို့မ အဖွဲ့ကြီးရဲ့ တီးလုံး ဟန်ပန်တွေ နဲ အဆိုတော်မင်းသား ဦးဝင်းဦး သီဆိုသောအခါမှ နာမည်ကြီးလာသည်ဟုကျွှန်တော်ထင်ပါသည်။ဒါရိုက်တာ၊စာရေးဆရာ၊အဆိုတော်မင်းသား ဦးဝင်းဦး ဟာ မန်းသင်္ကြန် ကိုချစ်မြတ်နိုးပြီးနှစ်စဉ်နှစ်တိုင်း မြို့မနဲ့ သင်္ကြန်ကျပါတယ်။

မန္တလေးမြို့တော်(ရတနာပုံနေပြည်တော်)ကို စတင်တည်ထောင်ခဲ့တာ မကြာခင်မှာ နှစ် ၁၅၀ ပြည့်တော့မှာ ဖြစ်ပါတယ် . . မင်းတုန်းမင်းတရားကြီးဟာ ၁၈ရာစုခန့် ကအမရပူရမြို့ တော်ကိုတက်ရောက်သိမ်းပြီး မြို့တော်သစ်တစ်ခုတည်ဖို့ဆန္ဒပြင်းပြတော်မူပါတယ်
ထိုအခါ ကအမရပူရမြို့ တော်ရဲ့ အရှေ့မြောက်ဘက်၁၀မိုင်ခန့်အကွာ ထူးခြားတဲ့ တောင်ကဘို့ တစ်လုံး၊ရေအိုင်ကြီး တစ်ခုနဲ့ စည်မျက်နှာကဲ့ သို့ညီညာပြန့် ပြူးလှတဲ့မြေပြန့်လွင်ပြင်ကြီးတစ်ခုရှိကြောင်း ၀န်မင်းများက သံတော်ဦးတင်ပါတယ်။မင်းတုန်းမင်းတရားကြီး ကိုယ်တော်တိုင်ကွင်းဆင်းလေ့လာတော်မူပြီးနောက်သက္ကရာဇ် ၁၂၂၁ ခုနှစ်မှာအုတ်ကျစ်ကျော်အေး မန္တလေးလို့ စာဆိုရှိတဲ့ မန္တလေးမြို့တော်ကြီးကိုတည်တော်မူပါတယ်။မြို့တော်မတည်ခင် မှူးမတ်များအကြား သဘောထားလွဲမူ့ များရှိခဲ့ တယ်လို့မှတ်သားဖူးပါတယ်။ဤနေရာ၌ မြို့တော်တည်ပါက စည်ပင်သာယာဝပြောပြီး ရတနာပုံကိန်းဆိုက်လိမ့်မည် ဟုဆိုကာ စံမြန်းရာနန်းတော်အား ရတနာပုံနေပြည်တော် အဖြစ်ခေါ်ဆိုအမည်တွင်စေပါတယ်။
၁၂၂၁ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်လို့ ယခုနှစ်၁၃၇၁ခုနှစ်မှာမန္တလေးမြို့တော်ကြီးဟာ နှစ်ပေါင်း ၁၅၀ တင်းတင်းပြည့်ပါတော့မယ် ။နှစ်၁၀၀ပြည့် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကျင်းပခဲ့ကြသလို နှစ်၁၅၀ပြည့် ပွဲတော်ကိုလည်း စည်းကားစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်မယ်လို့ ယုံကြည် ပါတယ် . ......

နှစ်သစ်မှာ အားလုံး လွတ်လပ်ပျော်ရွှင်ပြီး လိုချင်တဲ့ ဆန္ဒနဲ့ ပြည့်ဝ ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။


(မှတ်ချက်)
အဆင့်ရှိ၍ရေးသားခြင်းမဟုတ်ပါခင်ဗျာ...စိတ်ဓတ်တစ်ခုတည်းနှင့်ကြိုးစား၍ရေးသားခြင်းဖြစ်ပါသည်။အားမနာတမ်း ဝေဖန်နိုင်ပါတယ်။
မန်းတောင်ရိပ်ခို သီချင်းအကြောင်း ကိုhttp://moemaka.com/မှ ရန်ဝင်း (တောင်တံခါး) ရေးသားသော မြနန္ဒာရေညိုသန်းတယ် ရွှေမန်းတောင်ရိပ်ခို post မှထုတ်နုတ်ကူးယူဖော်ပြပါသည်။ သတင်းအချက်အလက်အချို့ နှင့်ဓတ်ပုံများကိုhttp://www.ourmandalay.net/ မှကူးယူဖော်ပြပါသည်။
(ဓာတ်ပုံ ...၀ဲမှယာ)ဆရာကြီး အေဝမ်းဆရာညှာ ခေါ် မန္တလာညှာ၊ ဆရာကြီး မြို့မငြိမ်း၊ ဆရာကြီး ဦးဘသိန်း(မန္တလေး)




















5 comments:

ဇေဇော် said...

“ရွှီး... ဖြောင်း...ဖြောင်း...ဖြောင်း...ဖြောင်း...”
ဆရာအောင်ခိုင်(မန်း)ရေ ... အားပေးနေတယ်ဗျို...။ မိုက်တယ်ဗျာ့...။ ကိုဝင်းပေါ်မောင်လက်သစ်လို့ ပြောရတော့မယ်ထင်ပါရဲ့...။ ဒီနှစ် မန္တလေးသင်္ကြန်ကို မန္တလေးသားသူငယ်ချင်းတစ်ယောက်နဲ့ ဆိုင်ကယ်စီးပြီး လျှောက်လည်ရသလိုပဲ ခံစားရတယ်ဗျ...။ အခုတော့ အမြည်းလေးပေါ့...။ နောက်ကျရင် မန္တလေးသင်္ကြန်ကို တစ်ကယ် လိုက်ပြရမှာနော်...။ ဟား...ဟား...။

ဝင်းပေါ်မောင် said...

ကိုအောင်ခိုင်... ကြိုးစားရေးသားတာကို ကြိုဆိုပါတယ်။ အားပေးပါတယ်။ ကိုယ့်အတွေ့အကြုံကို ပြန်ရေးထားတာ ကောင်းပါတယ်။

ရန်ဝင်း (တောင်တံခါး) ရဲ့ ဆောင်းပါးကို မိုးမခမှာ ဖတ်လိုက်ရတယ်။ သူ့စာမှာ တိမ်မြုပ်နေတဲ့ အချက်အချို့ကို ဖော်ပြထားလို့ ကျေးဇူးတင်စရာပါ။ ဒါပေမဲ့ အားနည်းချက် အချို့ ရှိနေပါတယ်။

(၁) ဒီသီချင်းကို ဆရာ သုံးယောက်ရဲ့ သီချင်းတပုဒ်စီကနေ ကောက်နုတ်ထားတယ်လို့ ပြောတယ်။ ဘယ်က ကောက်နုတ်တယ်ဆိုတာ အထောက်အထား မပါဘူး။

(၂) သီချင်း စပေါ်လာတာကို ပြောတယ်။ ဒါပေမဲ့ အချိန်ကာလကို တိတိကျကျ မဖော်ပြထားနိုင်ဘူး။

အထောက်အထား မပြည့်စုံတဲ့ အတွက် သူပြောတဲ့ အချက်ဟာ သိပ် မခိုင်လုံဘူး။ သူရေးတာကို ကျနော့် အနေနဲ့ ဘာမှ မဝေဖန်လိုပေမဲ့ ဒီစာကို ကိုယ့်ညီတယောက်က ကိုးကားလာပြီ ဆိုတော့ သတိပြုသင့်တာလေးတွေ ရှိကြောင်း ထောက်ပြတာပါ။ တခုခုကို ကိုးကားတော့မယ်ဆိုရင် အပြန်ပြန် အလှန်လှန် တိုက်ဆိုင်စစ်ဆေးဖို့ တာဝန်ရှိလာတယ်။ ကြောင်းကျိုး ယုတ္တိကို သုံးသပ်ဖို့ လိုလာတယ်။

ဒီဆရာကြီးတွေဟာ အလွန်ရင်းနှီးကြပြီး မြို့မအတွက် သီချင်းတွေကို အတူရေးခဲ့ကြသူတွေပါ။ မြို့မငြိမ်းဟာ သီချင်းရေးသူသာ မကဘဲ မြို့မရဲ့ ဂီတမှူး ဖြစ်ပါတယ်။ သီချင်းတွေ တီးကွက်တွေကို စီမံခန့်ခွဲပေးသူပါ။ မန်းတောင်ရိပ်ခိုကို ဆရာသုံးယောက် ရေးတယ်ဆိုရင် အတူတကွ တိုင်ပင် ရေးသားခဲ့ကြတာ ဖြစ်ဖို့များပါတယ်။ အဲသလို ရေးတဲ့ဓလေ့လည်း ရှိပါတယ်။

ဟိုကတပိုဒ် ဒီကတပိုဒ် စုပေါင်းစပ်ပေါင်း လုပ်လို့ သီချင်း ဖြစ်တယ်ဆိုရင် အဲဒီသီချင်းမျိုးဟာ ကြယ်တလုံးတို့ မော့စ်တို့ ဆိုတဲ့ သီချင်းမျိုးပဲ ဖြစ်ပါလိမ့်မယ်။

မန်းတောင်ရိပ်ခိုဟာ ဂီတအရရော စာသားအရပါ အံကျကွက်တိဖြစ်နေတာကို ကြည့်ရင် စုစပ် ဖြတ်ကပ်ထားတာ မဖြစ်နိုင်ပါဘူး။

ကိုအံကြီးက ဘီတီဘရားသား တီးဝိုင်းနဲ့ဆိုလို့ သင်္ကြန်ဟန် မြို့မဟန် မပါဘူးဆိုတာ မှန်တယ်။ ဒါပေမဲ့ ဒီတပုဒ်ထဲ အဲသလို ဖြစ်ခဲ့တာ မဟုတ်ဘူး။ အခြား သီချင်းတွေလည်း အဲသလိုတွေ အများကြီး ရှိတယ်။ ဆရာငြိမ်းရေးတဲ့ သီချင်းပဲ အခြားသူတွေ တီးတော့ တမျိုး မြို့မတီးတော့ တမျိုး ဆိုတာ သိသာပါတယ်။

ဝင်းဦးဆိုမှ ပြည်လုံးကျော်တာတော့ အမှန်ပဲ။ ဒါတောင် ၀င်းဦးက `နေညိုညို´ လို့ ဆိုလိုက်လို့ စာပေသမားတွေက အတော်လေး ပြောဆို ပြင်ယူထားရတာ။

အောင်မြင်ပါစေ...

အောင်ခိုင်(မန်း) said...

ကိုကြီးပေါ်...ခင်ဗျာ
ရန်ဝင်း (တောင်တံခါး) ရဲ့ ဆောင်းပါးကို မိုးမခwebsiteမှာ ဖတ်နေစဉ် စဉ်းစားမိတာလေးတွေရှိပါတယ်။
ကိုကြီးပေါ် မြနန္ဒာ Post ရေးနေပင်မဲ့ ဒီwebsite မတွေ့ မိလို့ လား??????
ကိုရန်ဝင်းရေးသားတဲ့""""""ဆရာကြီးသုံးဦးရဲ့ ရေးပြီးသား သီချင်းတွေထဲက တပိုဒ်စီယူပြီး မန်းတောင်ရိပ်ခို သင်္ကြန်သီချင်း လို့ နာမည်ပေးပြီး ကိုအံ့ကြီးက သီဆိုပါတယ်။ """""သူပြောသလို သီချင်းတွေထဲက တပိုဒ်စီယူထားတာ ဆိုရင် သံစဉ် ကွဲနေရမယ်။မူရင်းသီချင်း၃ပုဒ်ရှိနေရမယ်။တပုဒ်မဟုတ်တပုဒ်နာမည်ကြီးရမယ်။နာမည်ကြီးရင် ဦးဝင်းဦး သီဆိုပါလိမ့်မယ်။ဦးဝင်းဦး သည်မြို့မဆရာကြီးများ၏ သီချင်းများ၊နန်းတော်ရှေ့ဆရာတင်၏ သီချင်းများကို ပြန်လည် ဆန်းသစ် သီဆိုလေ့ ရှိပါတယ်။နောက်စဉ်းစားမိတာ တစ်ချက်က ဒီစာရေးသူ ရန်ဝင်း(တောင်တံခါး) ဟာ တော်ရုံတန်ရုံ နဲ့တော့ ဒီလိုwebsite မျိုးမှာလာမရေးလောက်ဘူး၊သူ ကိုးကားထားတဲ့ စာအုပ်တွေကလည်း'''''(၁) ပြည်သူချစ်သော အနုပညာသည်များ [ လူထုဒေါ်အမာ ]

(၂) မြို့မငြိမ်းနှင့် သူ့အနုပညာ [ သန်းအောင်ခိုင် ]

(၃) အတာတေးနှင့်မန္တလေးသင်္ကြန် [ အောင်အောင် (ယဉ်မွန်) ]

စာအုပ်များကို အထူး ကျေးဇူးတင်စွာနဲ့ ကိုးကားပါတယ်ဆိုလေတော့  ကျွှန်တော် အတွေးတွေကို လွယ်ကူစွာ ဖယ်ရှားလိုက်ပါတယ်။နောက်နောင်များ ဆိုရင် ကိုကြီးပေါ် ပြောသလို အပြန်ပြန် အလှန်လှန် တိုက်ဆိုင်စစ်ဆေး သုံးသပ်ဖို့ လုပ်ပါတော့ မယ်ခင်ဗျာ။ဒါဟာလည်း နုနှယ်သေးတဲ့ ကျွှန်တော် အတွေ့ အကြုံ ကြောင့်ပါ။လက်တွဲ ဖေးကူတဲ့ အတွက် ကျေးဇူးပါ...ခင်ဗျာ

သြော်...ဒါနဲ့  စကားမစပ်...သက်ဝေ သီချင်းဟာ ဦးဝင်းဦး ဒေါ်တင်တင်မြ တို့ မှန်းသိပင်မဲ့လည်း ကိုကြီးပေါ် အား စမ်းကြည့်လိုတဲ့ အတွက်ကြောင့် အမည်မသိရှေးစာဆို ဟု ရေးလိုက်တာပါ။လေးစားပါတယ် ....ကိုကြီးပေါ်

မင်္ဂလာရှိသောနှစ်သစ် ဖြစ်ပါစေ ခင်ဗျာ။

အောင်ခိုင်(မန်း) said...

ဆရာညီဇေ .....
ရောက်အောင်သာလာခဲ့ပါ။
OK နော်။

Yan Win (Taung Da Gar) said...

အတာတေးနှင့် မန္တလေးသင်္ကြန်-အောင်အောင် (ယဉ်မွန်)ရေးတဲ့စာအုပ်ကို ရှာပြီး ဖတ်ကြစေလိုပါကြောင်း။ အချက်အလက်တွေကို ပြောပြသူက ဦးဘသိန်း ကိုယ်တိုင်ပဲလို့ တွေ့ရှိပါတယ်။ ရန်ဝင်း (တောင်တံခါး)