Monday, January 17, 2011

မီဒီယာ မေမေများ အလိုရှိသည်

အမေဟာ ငါ သီမယ့် အူဝဲ သံစဉ်ကို ၊ ဆန္ဒအပြင်းစား နှင့် ကြွားကြွား ဝင့်ဝင့် ၊ နားစွင့်လို့ လင့် ခဲ့ရသတဲ့ ။
ငါတတ်ခဲ့တဲ့ ဘဝအစ ပထမ ဗေဒ ဟာ ငိုရှိုက်ခြင်းပညာ ပါပဲ ။
သည်လိုနှင့် ……..
ငိုခြင်းဟာ ငါ့ရဲ့အနုပညာ ။
ငိုခြင်းဟာ ငါ့ရဲ့ ယဉ်ကျေးမှု ။
ငိုခြင်းဟာ ငါ့ရဲ့ ဓလေ့ထုံးတမ်း ။
ငိုခြင်းဟာ ငါ့ရဲ့ ကိုးကွယ်ရာ ။
ငိုခြင်းဟာ ငါ့ရဲ့ လိုတရ ပစ္စည်းဖြစ်ကရော့ ။
ငါဆာရင် ငိုသလို ၊ နာရင်လည်း ငိုတာပါပဲ ။
ပူရင် ငါ ငိုသလို ၊ ဆူပြန်ရင်လည်း ငါငိုတာပါပဲ ။
အေးတဲ့အခါ ငါ ငိုသလို ၊ ဝေးတဲ့အခါလည်း ငါငိုတာပါပဲ ။
လွမ်းတဲ့အခါ ငါငိုသလို ၊ ချမ်းတဲ့အခါလည်း ငါ ငိုတာပါပဲ ။
ယိုချင်ရင် ငါ ငိုသလို ၊ စိုနေပြန်လည်း ငါငိုတာပါပဲ ။
ဘာလိုလို ငါငိုတော့ ၊ ငါ့ရဲ့ ငိုခြင်းမှာ အဓိပ္ပါယ်တွေ အနန္တပေါ့ ။
အမေဟာ ဘာကြောင့် ငါငိုငို ၊ ငါ့ရဲ့ ငိုခြင်း အလင်္ကာကို အပိုအလိုမရှိ တိကျစွာ ဘာသာပြန်နိုင်သတဲ့ ။
အူဝဲဗေဒပါရဂူ ဂုဏ်ထူးဆောင်ဘွဲ့ထူးကို အမေယူသင့်ပေါ့ ။
ရွာရိုးကိုးပေါက်လျှောက်လို့ အမေဟောတဲ့ သားတစ်ယောက်ရဲ့ အူဝဲ အဘိဓမ္မာကို ငိုခြင်းနှင့်မကင်းသူတွေ အခါခါ နာကြားကြလေသတဲ့ ။
အကျိုးအမြတ်မရှာ ၊ မာယာမရော ၊ မေတ္တာ အဖြာဖြာနှောထားတဲ့ မွေးမာတာ မီဒီယာက ငါ့ငိုခြင်း ဖြစ်ကြောင်းရယ်ကုန်စင် အဘရွာတစ်ခွင်မှာ သွင်သွင်သာ အကုန်ပြောလို့ မမောနိုင် မဝနိုင် ဂူဂဲလ်တောင် လက်မိုင်ချရသတဲ့ ။
ငါ့ရဲ့ မာတာဟာ ငါ့အတွက်တော့ တကယ့် မဟာ့မဟာ ဗဟုမီဒီယာပေါ့ ။
+++++++++++++
ဟော့တော့…….. ၊ ဟော့တော့ ………၊
အသံတွေကြားနေရတယ် ။
အသံတွေကြားနေရတယ် ။
+++++++++++++
ဒီမယ်……..မိတ်ဆွေ ၊ အို… မိတ်ဆွေတို့ ။
နားထောင်ကြည့် ။
အလိုမပြည့်လို့ ငိုနေကြတဲ့ အသံဗလံတွေ ၊ ကမ္ဘာ့ရွာမှာ စုန်ဆန်ကျော့လို့ သော့သော့ကို ညံလို့နေပါရော့လား ၊ ကွယ်ရို့ ။
လောက ငိုရှိုက်သံတွေကို တိကျ မှန်မြန်စွာ ဘာသာပြန် ဖြန့်ချိ ပေးဖို့ ၊
တို့ မီဒီယာ မေမေတွေ အများကြီး လိုနေတယ် ဟေ့ ။


မီဒီယာမေမေများသို့ ဦးညွှတ် ဂုဏ်ပြုလျက်………….

ကိုဝိုင်း(မိုးညှင်း)
၂၀၁၁ ခုနှစ် ၊ ဇန္နဝါရီလ ၁၆ ရက် ။

No comments: