Wednesday, April 18, 2012

အမှိုက်က စကြပါစို့

မြန်မာဆိုရိုးတွေထဲက “အမှိုက်က,စ ပြာဿဒ်မီးလောင်” ဆိုတာကို အားလုံး ကြားဖူးကြမှာပါ။ အကြီးအကျယ် ပျက်စီး ဆုံးရှုံးမှုတွေရဲ့ အစဟာ အမှိုက်လို ဘာမဟုတ်တဲ့ အရာတွေက စတတ်တယ်လို့ သတိပေးထားတာ ဖြစ်ပါတယ်။ ရှေးတုန်းကတော့ အမှိုက်ဆိုတာ ဘာမှမဟုတ်တဲ့ စွန်ပစ်ပစ္စည်း ဖြစ်ပေမယ့် ယနေ့ခေတ်မှာတော့ အမှိုက်ဆိုတာ လူတွေရဲ့ အသက်ရှင် ရပ်တည်မှုအတွက် အရေးကြီးတဲ့ ကဏ္ဍတရပ် ဖြစ်နေပါပြီ။

မြို့မှာနေနေ တောမှာနေနေ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ခြင်းဟာ လူတယောက်အတွက် မရှိမဖြစ် ကိုယ်ရည်ကိုယ်သွေး တခုပါ။ လူတဦးချင်းစီ အတွက် မရှိမဖြစ် လိုအပ်သလို၊ မြို့တခု နိုင်ငံတခု အတွက်လည်း အလွန်ကို အရေးကြီးတဲ့ လုပ်ငန်းတခုပါပဲ။ ဒီထက်ပိုရင်တော့ လူသားတွေ တည်မှီနေရတဲ့ ကမ္ဘာကြီး မပျက်မစီး စိမ်းလန်းစိုပြေဖို့ အရေးဟာ လူတွေ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေပေါ်မှာ များစွာ တည်နေတယ်လို့ ဆိုနိုင်မှာပါ။

ကျနော်တို့ မြန်မာတွေ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ပြီလား။


ဒီမေးခွန်းကို မေးလိုက်တော့ လွန်တယ်လို့ ထင်ချင် ထင်ပါလိမ့်မယ်။ ကျနော်ကတော့ လိုအပ်တယ် ထင်လို့ မေးလိုက်ပါပြီ။ အကြောင်းကို ဆိုရရင် ဧပြီ ၁၅ ရက်နေ့က ကိုရီးယားနိုင်ငံ ပူချွန်းမြို့မှာ ကျင်းပတဲ့ မြန်မာသင်္ကြန်ပွဲမှာ လာရောက်ပျော်ရွှင်ကြတဲ့ ရွှေမြန်မာတို့ရဲ့ အမှိုက်ပစ်ပုံကို ကြည့်ခြင်းအားဖြင့် ဒီမေးခွန်းဟာ မေးဖို့ လုံလောက်နေလို့ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ အမှိုက်စွန့်ပစ်တဲ့ စနစ်ကို ဒေသအလိုက် သက်ဆိုင်ရာ စီမံအုပ်ချုပ်သူများက စီစဉ်ပေးကြရပါတယ်။ လူတယောက်အဖို့ ကိုယ့်ဒေသမှာ ဘယ်လိုဘယ်နည်း အမှိုက်စွန့်တဲ့ စနစ်ကို ကျင့်သုံးခဲ့သည် ဖြစ်စေ၊ အခြားဒေသ တခုကို ရောက်ရင်တော့ သူ့ဒေသက သတ်မှတ်ထားတဲ့ စနစ်အတိုင်း လိုက်နာကြရမှာ ဖြစ်ပါတယ်။ စနစ်တွေက ဒေသအလိုက် ကွာတယ် ဆိုပေမယ့် အခြေခံ သဘောကတော့ အတူတူပါပဲ။ ကိုရီးယား ရောက်လာတဲ့ မြန်မာတွေ အဲဒီ အခြေခံ သဘောကို မသိသေးဘူး ဆိုရင်တော့ သိအောင်အရင် လုပ်ကြရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့နေရာသူ့ဒေသမှာ အံဝင်ခွင်ကျ နေထိုင်သွားနိုင်ဖို့ သူ့စနစ်ကို လိုက်နာရမှာ ဖြစ်လို့ပါ။

မြန်မာအသင်း အပါအ၀င် ကိုရီးယားက မြန်မာအသင်းအဖွဲ့တွေဟာ ပွဲလမ်းသဘင် စီစဉ်ကျင်းပတာ၊ အမှိုက်စွန့်ပစ်တာ တွေကို ပူချွန်းမြို့က သတ်မှတ်ထားတဲ့ စနစ်အတိုင်း အကျွမ်းတဝင် လုပ်တတ်ကိုင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီ အမှိုက်ကိစ္စကပဲ နှစ်စဉ်နှစ်စဉ် ပိုပိုဆိုးလာတာကို တွေ့နေရပါတယ်။ ပွဲတွေထဲမှာ သင်္ကြန်ပွဲကတော့ လက်အဝင်ဆုံးပါ။ ပြင်ပ ကွင်းထဲမှာ ကျင်းပတာရယ်၊ အစားရော အသောက်ရော စုံတာရယ်ကြောင့် လေရောမိုးရော ဆိုပါတော့။ မဏ္ဍပ် ၂၄ ခုက ကျွေးတဲ့ ပွဲ ၄၀၀၀ ကျော်စာရဲ့ တခါသုံး ဖော့ခွက်၊ စက္ကူခွက်၊ ပလတ်စတစ်ဇွန်း၊ တူ စတာတွေ၊ ရေဗူး၊ အအေးဗူး၊ ဘီယာဗူး၊ အရက်ပုလင်း စတာတွေ၊ ကျွတ်ကျွတ်အိတ်နဲ့ စက္ကူပုံး စတာတွေ အားလုံးစုလိုက်ရင် အမှိုက်ပုံကြီး တပုံစာ ရပါတယ်။

ပွဲတခုလုပ်ဖို့ နေရာ ငှားရင် ရှိရင်းပစ္စည်းတွေ မပျက်စီးဖို့နဲ့ သန့်ရှင်းရေးလုပ်ဖို့ တာဝန်ခံရပါတယ်။ ပွဲစီစဉ်သူတွေက အမှိုက် ဘယ်လောက်ထွက်မယ် ဆိုတာ ကြိုတွက်ထားပြီးသားပါ။ မဏ္ဍပ်တိုင်းရဲ့ ရှေ့ကော နောက်မှာပါ အမှိုက်အိတ် ၂ မျိုးစီကို အလုံအလောက် ချိတ်ပေးထားပါတယ်။ လိုရင်လည်း ထပ်တောင်းလို့ ရပါတယ်။ ရှေ့ဖက်က အိတ်အနက်မှာ ဖော့ခွက် စက္ကူခွက်နဲ့ တူ ဇွန်းတွေ ထည့်ဖို့၊ အိတ်အဖြူမှာ ပုလင်းနဲ့ ဗူးခွံတွေ ထည့်ဖို့ပါ။ မဏ္ဍပ်နောက်ဖက် အိတ်အနက်က စားကြွင်းစားကျန်တွေ ထည့်ဖို့ပါ။ ဒါပေမယ့် ဘယ်လိုပဲ စီစဉ်ထားထား ပွဲသိမ်းလို့ အိတ်တွေကို ကြည့်လိုက်ရင် အားလုံး ရောနေတော့တာပါပဲ။

မဏ္ဍပ်တာဝန်ခံတွေက အစပိုင်းမှာတော့ သပ်သပ်စီ ခွဲကြပါတယ်။ ဒါပေမယ့် ပွဲရှိန်တက်လာချိန်မှာတော့ ဘယ်သူမှ မနိုင်တော့ပါဘူး။ ရှေ့ကခွဲ နောက်က ရောပါပဲ။ ဒီနှစ်မှာဆိုရင် မဏ္ဍပ် ၃-၄ ခုလောက်ပဲ နိုင်အောင် သိမ်းနိုင်ပါတယ်။ ကျန်တာတွေ ဗြောင်းဆန်ချက်ကတော့ စံချိန်တင်လောက်ပါရဲ့။

ပွဲမတိုင်ခင်မှာ ကိုဘိုဘိုက မြန်မာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ရင်ကို - ကျနော်တို့ ဘယ်နေရာ ၀ိုင်းလုပ်ပေးရမလဲ - လို့ မေးတော့ ဦးခင်မောင်ရင်က “အမှိုက်သိမ်းဖို့ လူအင်အား လိုတယ်” လို့ ဖြေပါတယ်။ ဘေးက နားထောင်နေတဲ့ ကျနော်က - မဏ္ဍပ်တွေကို စနစ်တကျ သိမ်းဖို့ မပြောဘူးလား - လို့ ၀င်မေးတော့၊ သူက “လုပ်တာပဲ၊ မနိုင်ဘူး။ တနှစ်ထက်တနှစ် ပိုဆိုးလာတယ်။ အားလုံးရောကုန်တော့ အိတ်တွေကို အကုန် ပြန်မှောက် တခုချင်း ပြန်ခွဲရတာ၊ ပွဲလုပ်ရတာထက် ပိုကြာတယ်။ ပြီးတော့ ကွင်းပတ်လည်က ပန်းခြံထဲမှာ စားသောက်ပြီး ပစ်ထားတဲ့တာတွေကို လိုက်သိမ်းရသေးတယ်” လို့ ရှင်းပြပါတယ်။

တကယ်တော့ အမှိုက်ကို စနစ်တကျ သိမ်းဆည်းဖို့ ကိစ္စဟာ ပွဲစီစဉ်သူတွေ မဏ္ဍပ်ထွက်သူတွေမှာချည်း တာဝန်ရှိတာ မဟုတ်ပါဘူး။ ပွဲလာသူ လူတိုင်းလူတိုင်းမှာ တာဝန်ကိုယ်စီ ရှိပါတယ်။ ကိုယ်စားပြီးသား စက္ကူခွက်ကို ခွက်ထည့်တဲ့ အိတ်ထဲမှာ ထည့်မယ်၊ ဗူးတွေ ပုလင်းတွေကို သတ်မှတ်ထားတဲ့ အိတ်ထဲမှာ ထည့်မယ်ဆိုရင် အင်မတန် လွယ်ကူ ရှင်းလင်းသွားမှာပါ။ စားကျန်ရှိနေရင် နောက်ဖက်မှာ သွန်ပြီးမှ ခွက်ကို ပစ်မယ်ပေါ့။ ဘာမှ အပန်းမကြီးတဲ့ ကိစ္စကလေးကို ဆယ်စက္ကန့်လောက် လုပ်လိုက်ရုံနဲ့ မိမိကိုယ်တိုင်လည်း ဒီပွဲတော်ရဲ့ လိုအပ်ချက်တခုကို ပါဝင် ဖြည့်စွက် ဆောင်ရွက်သူ ဖြစ်သွားမှာပါ။

တကယ်တော့ အမှိုက်အစို၊ စက္ကူ၊ ပလတ်စတစ်၊ ဗူး၊ ပုလင်း စသဖြင့် ခွဲခြား စွန့်ပစ်တာဟာ နေ့စဉ်နေ့တိုင်း လုပ်နေရတဲ့ အလုပ်တခုပါ။ မြို့ပြနေသူတယောက်အဖို့ အလိုလို အသားကျပြီးသား ဖြစ်နေရမှာပါ။

သင်္ကြန်ပွဲ လုပ်တဲ့နေရာဟာ ပူချွန်းမြို့ ပြည်သူ့အားကစားကွင်းရဲ့ အပမ်းဖြေရင်ပြင် ဖြစ်ပါတယ်။ ပတ်ပတ်လည်မှာ ပန်းခြံတွေ ရှိပြီး၊ တဖက်တချက်မှာ စားသောက်ဆိုင်နဲ့ ကလေးကစားကွင်းတို့ ရှိပါတယ်။ မည်သူမဆို လွတ်လပ်စွာ လာရောက် အပမ်းဖြေနိုင် အားကစားလုပ်နိုင်တဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမှာ အမှိုက်သိမ်း ၀န်ထမ်း သီးသန့် မရှိပါဘူး။ လာရောက်သူ အားလုံးဟာ ကိုယ့်အမှိုက်ကို ကိုယ့်ဘာသာ စနစ်တကျ စွန့်ပစ်ကြရပါတယ်။ အမှိုက်စွန့်ဖို့ နေရာတွေ လုပ်ပေးထားပါတယ်။ အပမ်းဖြေ လာရောက်ကြသူ ဘယ်သူမှ ရင်ပြင်ပေါ်မှာ အမှိုက်မပစ်သလို ပန်းခြံထဲမှာလည်း မပစ်ကြပါဘူး။

ရွှေပွဲလာ မြန်မာတွေဟာ သစ်ပင်ရိပ်မှာ အပမ်းဖြေရင်း သင်္ကြန်ပွဲကို ခံစားပြီးရင် ကိုယ့်အမှိုက်ကိုကိုယ် စနစ်တကျ စွန့်ပစ်ခဲ့ဖို့ တာဝန် ရှိပါတယ်။ ဒါဟာ ဒီနေရာမှ မဟုတ်ပါဘူး။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘယ်နေရာမှာ မဆို လုပ်ရမယ့် ကျင့်ဝတ်တခုပါ။ ပိုက်ဆံပေးပြီး စားရတဲ့ ကော်ဖီဆိုင်တွေ အမြန်စား ဆိုင်တွေမှာတောင် ကိုယ့်ပန်းကန် ကိုယ့်အမှိုက်ကို စနစ်တကျ စွန်ပစ်ခဲ့ရတယ် ဆိုတာကို သတိမူမိရင်၊ အများပြည်သူနေရာမှာ ပိုလို့တောင် သတိမူရမှာ ဖြစ်ပါတယ်။ ပွဲကိုလာတယ်ဆိုတာ ပွဲဖြစ်မြောက်အောင် ပါဝင်ဆောင်ရွက်တာပါပဲ။ ကိုယ့်ရဲ့ ပါဝင်ဆောင်ရွက်မှုဟာ သူတပါးအပေါ် ဝန်ပိုမကျစေအောင် သတိပြုလိုက်မယ်ဆိုရင် လှပပြည့်စုံသွားမှာ အမှန်ပါ။

ဒီနှစ် အမှိုက်လိုက်သိမ်းတဲ့ ညီလေးတယောက်က - အမှိုက်အိတ်တိုင်းမှာ ကွမ်းတံတွေး ပါတယ် - လို့ မှတ်ချက်ပေးပါတယ်။ တကယ်တော့ အမှိုက်အိတ်ထဲမှာတင် မကပါဘူး။ ရင်ပြင်မှာလည်း ရဲနေတာပါပဲ။ ဆေးလိပ်တို ဆိုတာတော့ ပြောဖွယ်ရာ မရှိပေါ့။

“စည်းကမ်းရှိသူ တရာရဲ့ အမှိုက်ကို သိမ်းဖို့ လူတယောက်ပဲ လိုတယ်။ စည်းကမ်းမရှိသူ တယောက်ရဲ့ အမှိုက်ကိုတော့ လူတရာနဲ့ သိမ်းလို့ မနိုင်ဘူး” လို့ ဆိုရိုးရှိပါတယ်။ ခုခါမှာ - အမှိုက်ဆို စည်ပင် သိမ်းလိမ့်မယ် - ဆိုတဲ့ခေတ် ကုန်သွားပါပြီ။ ကိုယ့်အမှိုက်ကို စနစ်တကျ စွန့်ပစ်ဖို့ ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင် သန့်ရှင်းလှပဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ လူတဦးချင်းစီရဲ့ စနစ်တကျ အမှိုက်စွန့်ပစ်ခြင်းဟာ လူ့အဖွဲ့အစည်းတခုရဲ့ အမှတ်အသား ဖြစ်နေပါပြီ။

ကိုရီးယားမှာ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ကျင်းပခါနီးက အမှိုက်စနစ်တကျ ပစ်ဖို့နဲ့ အများသုံးအိမ်သာတွေ သန့်ရှင်းဖို့ ငွေကြေးရော လူအင်အားရော အများအပြားသုံးပြီး ကင်ပိန်းခဲ့ကြတာကို အမှတ်ရမိပါတယ်။ ကိုရီးယားတွေက ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်ချင်လို့ ပါတဲ့။ ဒါကို နမူနာယူပြီး လိုအပ်မယ်ဆိုရင် မြန်မာတွေရဲ့ ပွဲလမ်းသဘင်တွေမှာ အမှိုက်ကင်ပိန်း လုပ်ရလိမ့်မယ် ထင်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာတွေ အမှိုက်ကို စနစ်တကျ စွန့်ပစ်တတ်ပြီး ရောက်ရှိနေတဲ့နေရာမှာ အံဝင်စံဝင် အသားကျ နေနိုင်ဖို့ပါ။

မကြာသေးမီ ကာလက ဧရာဝတီ မြစ်ဆုံကို ထိန်းသိမ်းကာကွယ်ဖို့ တမျိုးသားလုံး ဟစ်အော် တောင်းဆိုခဲ့ကြပါတယ်။ အင်မတန် ကောင်းပါတယ်။ မြစ်ဆုံကို ဘာကြောင့် ထိန်းသိမ်းချင်တာလဲ။ သဘာ၀၀န်းကျင် အလှတရားတခုကို မပျက်စီးစေချင်လို့လို့ ဖြေကြမယ် ထင်ပါတယ်။ ဟုတ်တာပေါ့။ အစားမထိုးနိုင်တဲ့ သဘာ၀၀န်းကျင်နဲ့ အလှတပါး မဟုတ်လား။ ဟိုးအဝေးက မြစ်ဆုံကို မပျက်စီးစေချင်ရင် ကိုယ့်အနားက ၀န်းကျင်ကိုလည်း ကိုယ့်အမှိုက်တွေနဲ့ အကျည်းမတန်စေသင့်ဘူးပေါ့။

အမှိုက်ကလေး တခုကို စနစ်တကျ စွန့်ပစ်တတ်တဲ့ အကျင့်နဲ့ အသားမကျသေးတဲ့ လူ့အဖွဲ့အစည်းတခုဟာ ကိုယ့်မြေကိုယ့်ရေရဲ့ သဘာဝအလှ တရားတွေကို စနစ်တကျ ထိန်းသိမ်းနိုင်ဖို့ ဝေးနေလိမ့်ဦးမယ် ထင်ပါတယ်။

ရွှေမြန်မာတွေ ခေတ်မီ ယဉ်ကျေးပြီး သဘာဝအလှနဲ့ ပြည့်စုံတဲ့ အနာဂတ်တွေအတွက် ကျနော်တို့တွေ အမှိုက်က စလိုက်ကြပါစို့လား။

ဝင်းပေါ်မောင်

2 comments:

လင်းလတ်ကြယ် said...

အရမ်းကိုကောင်းတဲ့ပိုစ်လေးပါ
ကျတော်တို့မြန်မာတွေ စည်းကမ်းကိုလိုက်နာ
ရမယ်နေရာမှာအရမ်းအ၇မ်းကိုအားနည်းနေပါတယ်
ဒီလိုစာမျိုးများများရေးပေစေချင်ပါတယ်

စိုးမိုးသူ said...

အမှိုက်တင်မကပါဘူး၊ သင်္ကြန်ပွဲကို လာရောက်
ဆင်နွှဲတဲ့ ကိုရီးယား မိသားစုတွေက ပွဲဟာ အရမ်းပျော်စရာကောင်းကြောင်း၊ မြန်မာလူမျိုး
တွေ အားပါးတရ ပျော်ရွှင်စွာ ဆင်နွှဲကြတာ မြင်လို့ ကြည်းနူးရကြောင်း
ပြောပါတယ်။ ဒါပေမယ့် ကလေးတွေရှေ့
တောင် မရှောင် ဆေးလိပ်မီးခိုးတထောင်း
ထောင်းနဲ့ ဆေးလိပ်တွေသောက်ကြတာ တခုကြောင့် ဒီပွဲကို ကလေးတွေနဲ့ လာ
ရောက်ဆင်နွှဲဖို့ စဉ်းစားရဦးမယ်လို့ သူ့ခံ
စားချက်ကိုပြောပါတယ်။
ကဲ ယဉ်ကျေး အားနာ အလိုက်သိတတ်တဲ့ ကျနော်တို့ မြန်မာတွေ ဘာလုပ်သင့်သလဲ